သိဒ္ဓတ္ထရှင်းတမ်း


လူတိုင်းရဲ့နှလုံးသားမှာ
သစ္စာပန်းစိုက်ပျိုးလိုတဲ့
စေတနာမျိုးစေ့က  မင်းကို….
မမျှတစေခဲ့ဘူးဆိုတာ ကိုယ်ယုံကြည်ပါတယ်…။
ဒါပေမယ့်….
အတွေးခေါ်တွေဘောင်ကျဉ်းခဲ့ရင်
ဆင်ခြင်ဖြည့်ဆည်းးခဲ့တဲ့
အတိတ်က ပါရမီဆီမီးတွေက
ငါ့ကို ချောက်လှန့်စည်တီးကြလိမ့်မယ်…။
စွန့်လွှတ်ခဲ့တယ်
ငွေကြေး၊ ဂုဏ်သိက္ခာ၊ ရာထူးနဲ့
ချစ်ခြင်းတရားအငွေ့အသက်
အားလုံး…အားလုံး…အားလုံးကိုပေါ့…။
မင်းအပေါ်ထားတဲ့မြတ်နိုးမှုထက်
သစ္စာတရားကို
သက်ရှိတွေကို သစ္စာပြဖို့
ငါ့အချစ်တွေကို format ချခဲ့တယ်…။
မိုးကောင်းကင်၊ မြေကြီး၊ နတ်ဘုံနတ်နန်း
ဆန်းကြယ်ခြင်းကမ္ဘာလောကတွေမှာ
တို့နှစ်ယောက်ဆုံမှတ်ပေါင်းများစွာနဲ့
လှပတဲ့မေတ္တာတဲနန်းတွေ ကျဲဖြန့်ခဲ့ဖူးတယ်…။
အခု……နေရစ်ခဲ့လေတော့ ယသောဓရာ
မာယာမပါတဲ့ နောက်ဆုံးတွေ့ဆုံခြင်းမှာ
ငါ….မညှာတာခဲ့တာမဟုတ်ပါဘူး
သစ္စာတရားရဲ့အာဝါသမှာ
သတ္တ၀ါတွေကို နေသွားစေချင်တာပါ….။
                                                         
                                                မင်းညိမ်း(ဒေါင်းဖြူ)

0 comments:

Post a Comment